Wednesday, December 15, 2010

မိုးခါးရေ

မိုးခါးရေ

"ဆရာကြီး ပလေတိုးကို ကျွန်ုပ် အလွန်လေးစားပါသည်" သို့သော် "အမှန်တရား (သစ္စာ) ကိုမူကား ဆရာကြီးကို ချစ်သည်ထက်အဆ တစ်ရာမက ပိုမိုချစ်မြတ်နိုးပါသည်" . . . . ဟု အာရစ္စတိုတယ် က ပြောကြားခဲ့ဖူးပါတယ် ။

ဒီစကားကို ရုတ်တရက် ကြားလိုက်ရမယ် ဆိုလျင်...
* တစ်ချို့ ပလေတိုး ..အာရစ္စတိုတယ် မသိသောသူများက ဘာတွေပြောနေတာလဲမသိဟု ဖတ်ကနဲ တစ်ချက် ဝေဖန်သုံးသပ်မိနိုင်ကြသကဲ့သို့
* တစ်ချို့ ပလေးတိုး ၊ အာရစ္စတိုတယ် ကြားဖူးနားဝရှိသူများက အော် သူတို့နှစ်ယောက်က ဆရာတပည့်လား
အာရစ္စတိုတယ်က သူ့ဆရာသူချစ်သားပဲနော်လို့ ဝေဖန်ကြနိုင်ကြသလို
* တစ်ချို့ ဟိုမရောက် ဒီမရောက်သူများက ဘာတွေပြောနေလဲမသိပါဘူး ၊ ပလေတိုးတို့ အာရစ္စတိုတယ်တို့ကိစ္စနဲ့ ဘာဆိုင်လို့ အထူးတလည် Post ထဲ ထည့်ရေးနေလဲမသိပါဘူးဟု Post ရေးသားသူကိုပင် ဝေဖန်သုံးသပ်နိုင်ကြပြန်ကာ
*  တစ်ချို့ ဘယ်အရာကိုမဆို မကောင်းချည်းပဲမြင်နေကြသည့် သူများကတော့ ပလေတိုးလဲ မကောင်းဘူး ၊ အာရစ္စတိုတယ်ပြောခဲ့တာတွေလဲ မမှန်ဘူး အဲ့လိုမမှန်မကန်ပြောခဲ့ ၊ တွေးခဲ့ကြတဲ့သူတွေအကြောင်းကို
 ဒီ ပို့စ်ရေးတဲ့သူက မမှန်မကန် သတင်းတွေလိုက်ဖြန့်နေတာပဲလို့ ဝေဖန်သုံးသပ်နိုင်ပြီး
* တစ်ချို့ အပြုသဘောရှိကြပြီး ပလေတိုး အာရစ္စတိုတယ် ဘာမှန်းမသိကြသောသူများ ကမူ သူတို့သိချင်သည့် အကြောင်းအရာလေးများကို မေးခွန်းလေးတွေမေးနိုင်ကာ
*  တစ်ချို့ ပလေတိုး အာရစ္စတိုတယ် အကြောင်းအား ဂဂဏဏ သိကြသည့် လူများကြမူ Post ရေးသားသူနှင့်သာမက တစ်ချို့ စာဖတ်သူများနှင့်ပါ ပြောဆိုဆွေးနွေးကြနိုင်ပါသည် ။

ထိုတစ်ချို့သောလူမျိုးများအပြင် ကျွန်မမတွေ့ဖူး ၊ မကြုံဖူးသော လူမျိုးများလဲ ရှိနေနိုင်ပါသေးတယ် ။
လတ်တလော ကျွန်မကြူံတွေ့နေရသော တစ်ချို့သောသူများကိုပဲ ကျွန်မရေးသားဖေါ်ပြထားခြင်းဖြစ်ပါတယ် ။ ကဲ....ယခု Post ကိုဖတ်နေသော သင် သည်လဲ မည်သည့် လူအမျိုးအစားထဲတွင် ပါဝင်ပါသလဲ ????

မက်ဆီဒိုးနီးယားဘုရင် ဖိလစ်၏ သမားတော်ကြီး နီကိုမာကပ်၏ သားဖြစ်သူ အာရစ္စတိုတယ်သည် ခရစ်တော်မပေါ်မှီ အနှစ်လေးရာခန့်က ဂရိဟုခေါ်သော ခေါမတိုင်းတွင် ယုတ္တိဗေဒပညာရှင်ကြီးတစ်ယောက်အဖြစ် ထင်ပေါ်ကျော်ကြားခဲ့ပါတယ် ။
 သူသည် မဟာသွေး မဟာနွယ် ဖြစ်တယ် ။
ထူးမြတ်သော အတိဇာတ သားမျိုးလဲ ဖြစ်ပါတယ် ။ အရွယ်ရောက်စကတည်းက ဆရာကြီး ပလေတိုး၏ ကမ္ဘာကျော် အကယ်ဒမီကျောင်းတော်ကြီးတွင်
ပညာသင်ကြားခဲ့ပါတယ် ။ ယနေ့ကမ္ဘာပေါ်တွင် ကျွန်မတို့တွေ လေ့လာသင်ယူလျက်ရှိသော တက္ကသိုလ်ပညာရပ်များ ၊ သင်္ချာ ၊
ရူပဗေဒ ၊ ဓာတုဗေဒ ၊ ဇီဝဗေဒ၊ ဆေးပညာ ၊ နက္ခတ္တဗေဒ ၊ သမိုင်း ၊ ပထ၀ီ ၊ ဒဿန ၊ အနုပညာ အားလုံးတို့သည်
ထို ပညာရှင် အာရစ္စတိုတယ် စတင်ဖေါ်ထုတ်ခဲ့သော ပညာရပ်များသာ ဖြစ်ပါတယ် ။ ကျွန်မအနေနှင့်မူ အာရစ္စတိုတယ်အား အလွန်ပင်လေးစားအထင်ကြီးမိပါတယ် ။ ထို့ထပ်ပို၍ အာရစ္စတိုတယ် ၏
" သစ္စာချစ်စိတ် " ကို ပို၍ ပင် အထင်ကြီးလေးစားအားကျမိပါတယ် ။

အာရစ္စတိုတယ်သည် သူ၏ ဆရာဖြစ်သူ ပလေတိုးအား အလွန်ပင် ချစ်သော်လည်း ၎င်းတို့ နှစ်ယောက်၏ အတွေးအမြင် ၊ အယူအဆများမှာ ထပ်တူမရှိသည့်အပြင် လွန်စွာကွဲလွဲချက်များရှိပါတယ် ။
ထို့ကြောင့်ပင်လျင် အာရစ္စတိုတယ်သည် သူ၏ ဆရာကြီး ပလေတိုးအား ချစ်သော်လဲ သစ္စာတရားအား
ချစ်မြတ်နိုးသည့်အပုံ တစ်ရာတွင် တစ်ပုံမျှလောက်သာရှိပါတယ်။
အာရစ္စတိုတယ်သည် ပလေးတိုး၏ အန္တေ၀ါသိက တပည့်အဖြစ်ဖြင့် ဆရာ၏ ကျေးဇူးအား ဆပ်ခဲ့သော်လဲ အမှန်တရား နှင့် ပတ်သတ်လာလျင် သူသည် အမှန်တရား၏ ဘက်တော်သား စစ်စစ်အဖြစ်ဖြင့်သာ ရပ်တည်နေခဲ့ပါသည် ။

ဤနေရာတွင် ကျွန်မကိုယ်တိုင် မသဲကွဲသော ၊ နားမလည်သော အကြောင်းအရာများရှိပါသော်လည်း ကျွန်မသေသေချာချာသိလိုက်သောအရာတစ်ခုမှာ
ဆရာတပည့်ပင်ဖြစ်လင့်ကစား အာရစ္စတိုတယ်၏ အမှန်တရားအပေါ်ချစ်မြတ်နိုးမှူ ၊ အမှန်တရား အတွက် ရပ်တည်မှူနှင့် သူ၏ ရပ်တည်မှူကို ကြွေးကြော်ရဲပုံများမှာ အံ့မခန်းပင်ဖြစ်ပါလေတော့သည် ။
ဆရာဖြစ်ခဲ့ဖူးသောကြောင့် ဆရာ့အပေါ်တွင်ထားရှိသောရိုသေလေးစားမှူ များ နှင့် သစ္စာတရား ကိုရောထွေးမပစ်လိုက်ပါပဲနှင့် သူ၏ ရပ်တည်မှူခိုင်မာပုံကိုတော့ ကျွန်မ အလွန်တရာမှပင်လေးစားမိပါတယ် ။

ထိုမျှ လေးစားအတုယူဖွယ်ကောင်းလှသော ပညာရှင်ကြီး အာရစ္စတိုတယ်၏ စိတ်ဓါတ်မျိုး ၊ ခံယူချက်မျိုး ၊ ရပ်တည်မှူမျိုးကို
ကျွန်မ နှင့်တစ်ကွ အားလုံးသောလူများအား အနည်းငယ် အတုယူစေချင်ပါတယ် ။
 အထူးသဖြင့် အမိန့်အာဏာဟု ခေါင်းစဉ်တပ်ထားသော မတရားဖိနှိပ်မှူများအောက်တွင် မတရားမှူများကို လိုက်လံ ပြုလုပ်နေရသော အချို့ ယူနီဖေါင်းဝတ်ဝန်ထမ်းများကို ပို၍အားကျအတုယူစေချင်ပါတယ် ။
၎င်းယူနီဖေါင်းဝတ်များ၏ သစ္စာအပေါ်တွင်ရပ်တည်မှူများမှာ အလွန်တရာမှပင်လွဲချော် နေသည် ဆိုတာကိုလဲ ကျွန်မသိစေချင်ပါတယ် ။
၎င်း တို့သည် သစ္စာထားရှိရမည့် အရာများ ၊ လူများ ။ ကိစ္စများ နှင့် အခြေအနေများ ကိုမူ လျစ်လျူရှူထား၍ မှားယွင်းသော အမှူကိစ္စများကို တစ်ယူသန် ၊ အမိန့် တစ်ခုအောက်၌ ပြားပြားဝပ် နာခံနေကြသည်မှာ စိတ်နှလုံး မချမ်းမြေ့ဘွယ်ပင်ဖြစ်ပါတယ် ။

ကျွန်မတို့တွေအားလုံးဟာ အမိန့်ဆိုတဲ့စကားလုံးကို ရင်းနှီးကြားဖူးပြီးသားပင်ဖြစ်ပါတယ် ။ အမိန့်နှင့် ယှဉ်တွဲ၍ ပါလာသည်က အမိန့်နာခံတာ ၊ သစ္စာစောင့်သိတာ ၊
 ကျွန်မတို့ အားလုံးဟာ တစ်ယောက်ပုံစံတစ်မျိုးဖြင့် အမိန့်ပေးကြရသည့် လူများ ရှိသကဲ့သို့ အမိန့်နာခံရသည့် လူများလဲရှိပါတယ် ။
အထူးသဖြင့် စစ်ဘက်ဆိုင်ရာ တပ်သား ၊ အကြပ်စစ်သည်များ ၊ အရာရှိများငယ်များ ၊ အရာရှိကြီးများ နှင့်တစ်ကွ အဆင့်ဆင့်သော ရာထူးရာခံ ပုဂ္ဂိုလ်များသည်  အမိန့်ဆိုသည့် စကားတစ်ခုအောက်တွင် မိမိ၏ ကိုယ်ပိုင် ခံယူချက်များ ၊ ခံစားချက်များ နှင့် ရပ်တည်မှူများ ပျက်သုန်းသွားကြရပါတယ် ။

ထိုပုဂ္ဂိုလ်များသည် အာရစ္စတိုတယ်ကဲ့သို့သော စိတ်ဓါတ်မျိုး ( သို့ )  လူတို့ကျင့်သုံးအပ်သောစိတ်ဓါတ်မျိုးဟူ၍ လုံးဝ ၊ အနည်းငယ်မျှ မကြားဘူးကြသော လူများလား ၊
သို့မဟုတ် ထိုသို့သော ခိုင်မာသည့် ရပ်တည်မှူမျိုး မထားရှိသင့်ဟု ထင်နေကြသောလူများလား ၊ သို့မဟုတ် ထိုသို့သော စိတ်ဓါတ်မျိုးကို အားကျအတုယူဖွယ်ကောင်းသည့်  အရာတစ်ခုအဖြစ် မမြင်တက်အောင် လေ့ကျင့်သင်ကြားပေးခံထားရခြင်းပေပဲလား ။
 ထို့ထပ်မက ထိုပုဂ္ဂိုလ်များသည် သူတို့ကိုယ်တိုင်က ထိုမတရားဖိနှိပ်ခံနေရသည့်ဘ၀များကို ကျေနပ်နေကြသည့် သူများပေပဲလား ။ တစ်ခုခုဖြစ်နိုင်ပါတယ် ။

“စစ်ခေါင်းဆောင်တစ်ဦးရဲ့ နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်း ဆိုတာ သူ့တပ်မတော်၊ သူ့နိုင်ငံသားနဲ့ ၊ သူ့နိုင်ငံရဲ့ အချုပ်အခြာပိုင်စိုးသူရဲ့ အကျိုးစီးပွားကို သူ့နှလုံးအိမ်မှာ ထားရှိခြင်းပဲ ဖြစ်ပါတယ် ။
 'သီးခြားအုပ်စုတစ်စု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ယောက် အပေါ်မှာ သစ္စာခံခြင်း မဟုတ်ပါဘူး” ဆိုတာကိုသိစေချင်ပါတယ် ။ အချုပ်အခြာ ပိုင်စိုးသူကို တလွဲတွေးမှာစိုးမိပါသေးရဲ့ ။
 အချူပ်အခြာအာဏာပိုင်စိုးသူဆိုတာကို ကျွန်မ သိသလောက် နားလည်သလောက်ဖတ်ဖူး မှတ်ဖူးသလောက်ကတော့ “နိုင်ငံတော်အပေါ် သစ္စာရှိပါ၊ ဧကရာဇ် အပေါ်တွင် သစ္စာမခံပါနဲ့” လို့ ပဲ သိထားတာပါ ။
 တစ်ဦးတစ်ယောက်အပေါ်တွင် မတရားအမိန့်မှန်း သိရဲ့သားနှင့် သစ္စာခံနေခြင်း သည် သစ္စာရှိနေခြင်းသည် အမှန်တရား၏ သဘောသဘာဝနှင့် မသတ်ဆိုင်ပါ ။ ဆန့်ကျင်ဘက်ပင်ဖြစ်ပါတယ် ။

မတရားမှူတွင်သစ္စာခံခြင်း ၊ ခေါင်းဆောင်ကောင်းအရည်အသွေးမရှိသောခေါင်းဆောင်တစ်ယောက်ထံတွင်း သစ္စာရှိခြင်း ဆိုတာကို ဥပမာပေးရမည် ဆိုလျင် အဆိပ်ပင်ကိုရေလောင်းနေသကဲ့သို့ပင်ဖြစ်ပါတယ်။
 မိမိထားရှိရမည့် ၊ မိမိစောင့်သိရမည် အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ် ၏ စံ ထားနှူန်းများကို  မိမိ၏ကိုယ်ပိုင်ဆင်ခြင်ဥာဏ်ဖြင့် အရင်ဆုံး  စဉ်းစားဆင်ခြင်ရမည် ဖြစ်ပါတယ် ။
ထိုကဲ့သို့ မိမိကိုယ်ပိုင်ဥာဏ်ဖြင့် ဆင်ခြင်သုံးသပ်ရမည့် အဓိက အရေးကြီးသော လူတန်းစားတစ်ရပ်ရှိပါတယ် ။
ထိုလူတန်းစားများသည် အမိန့်နာခံခြင်း ၊ သစ္စာစောင့်သိခြင်း ဆိုသည်ကို လွဲမှားစွာယူဆမိပါက ၎င်းတို့သည် မတရားဘက်တော်သားများ  မလွဲမသွေဖြစ်ကုန်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါလေတော့တည် ။
ထိုအချက်များကို အဓိက အထူးသတိပြုကြရမယ့် လူတန်းစားများသည် စစ်ရေး ၊ စစ်ဘက် နှင့် ပတ်သတ်နေသော တပ်မတော်သား ၊ စစ်သားများပင်ဖြစ်ပါလေတော့သည် ။

တပ်မတော်သားများအနေနှင့် အဓိက အချက်တစ်ချက်ဖြစ်သည့် * တရားဥပဒေ * ဆိုသော စကားလုံး၏အဓိပ္ပါယ်ကိုလဲ ပြည့်ပြည့်၀၀ သိရှိနားလည်နိုင်ရမည် ဖြစ်ပါတယ် ။
“ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ”  ဟူသော အဆိုကိုလိုက်နာကျင့်သုံးရပါမည် ။ယနေ့စစ်ခေါင်းဆောင်များသည် တရားဥပဒေ၏ အထက်တွင် ရှိနေကြပြီး နိုင်ငံတကာမှာ စစ်ခေါင်းဆောင် တွေဟာ တော်တော် ရီစရာ ကောင်းနေပါပြီ ။
တရားဥပဒေရဲ့ အထက်မှာ စစ်ခေါင်းဆောင်တွေ ရှိနေပြီး သူတို့ လုပ်တဲ့ ရာဇ၀တ်မှုတွေကိုတော့ သူတို့ ဖုံးကွယ်ကာ မသိသလို ဟန်ဆောင်နေ တတ်ကြပါတယ် ။

ကျွန်မတို့   မြန်မာနိုင်ငံတော်၌ ဆင်းရဲ ကြပ်တည်း ဒုက္ခရောက်နေသော၊ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးများ ဆိတ်သုဉ်းပြီး မွန်းကြပ်နေသော  ပြည်သူလူထု၏ ဘ၀နှင့် နိုင်ငံရေး အကျပ်အတည်းကြီးကို မျက်မြင်ကြုံတွေ့ နေကြရပါတယ် ။
 အဓိက လက်သည် တရားခံကို ရှာဖွေလိုက်သော် စစ်အာဏာရှင် စနစ်ဆိုးနှင့် ပြည်သူလူထု အကျိုး နိုင်ငံတော် အကျိုးကို မျက်ကွယ်ပြုကာ  ကိုယ်ကျိုးစီးပွား အာဏာအတွက် ရမက် ဖုံးလွှမ်းနေသည့် စစ်အာဏာရှင်အုပ်စု တစ်စုကြောင့်သာ ဆိုသည်ကို တွေ့မြင်နိုင်ပေတယ် ။

ဒီမိုကရေစီ အစိုးရ၊ ဒီမိုကရေစီ နိုင်ငံ မဟုတ်သဖြင့် လူ့အခွင့်အရေးများ ၀န်ထမ်း အခွင့်အရေးများ၊ ဥပဒေအရ ခံစားပိုင်ခွင့်များ၊ ဆန္ဒပြုခွင့်များ ဘာမှ ရရှိနိုင်တာလဲ မဟုတ်ပေ ။ ပြည်သူ တစ်ဦးအနေနှင့်  ဒီမိုကရေစီနှင့် လူ့အခွင့်အရေး မဲ့ခြင်း၏ ဒုက္ခ၊
ပြည်သူလူထု၏ ဆင်းရဲ ဒုက္ခများကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခံစားရလို့ စစ်အာဏာရှင်စနစ်ဆိုးကို  အလွန်ပင်နာကြည်းမိပါတယ် ။
မိမိတို့ ကိုယ်တိုင် တွေ့ကြုံခံစား နေရသော ဆင်းရဲဒုက္ခ အပေါင်းသည် စစ်အာဏာရှင် စနစ်ဆိုးနှင့် ဆက်နွယ်နေသည်ကို ကျွန်မတို့ တွေ အားလုံး မြင်ရတွေ့ရခံစားရနေကြပါတယ် ။

 အာဏာရှင် တစုနှင့် အပေါင်းအပါ များသာ စည်းစိမ်ခံ ခေါင်းပုံဖြတ် ကိုယ်ကျိုး စီးပွားရှာကာ စစ်တပ်ကို အသုံးချ လုပ်စားနေသည်ကို လည်းကောင်း၊  ပစ်ကွင်း ကဒ်ပြား ကဲ့သို့ ဗဟိုကွင်းထဲရှိ သူများက ဗဟိုကွင်းထဲ၌သာ လုံခြုံစွာ စည်းစိမ်ခံစားနေကြပြီး၊ အလယ်ကွင်း၊
 အနားကွင်းရှိသူများက ဗဟိုကွင်း အတွက် အသေခံ အဆင်းရဲ အပင်ပန်းခံ လှုပ်ရှားပေးနေရသည်ကို လည်းကောင်း တစ်ချို့သော တပ်မတော်သားများ ကိုယ်တိုင်ကိုယ်ကျလဲ သိရှိမည်ဟု ကျွန်မယုံကြည်ပါတယ် ။

သစ္စာခံခြင်း ၊ အမိန့်နာခံခြင်း ဆိုတဲ့ သဘောတရားကို သိစေရန်နှင့်  စစ်တပ်ကို လက်ကိုင်ပြုပြီး မတရားသဖြင့် အုပ်ချုပ်နေတဲ့ စစ်အာဏာရှင် တစ်စုကို  ပြည်သူလူထု နဲ့အတူ တပ်မတော် သားများ အားလုံး ပူးပေါင်း လက်တွဲကာ ဖြုတ်ချ စေလိုသောရည်ရွယ်ချက်ဖြင့် ဤပို့စ်ကို ရေးသားရခြင်းလဲဖြစ်ပါတယ် ။ 

(စစ်အာဏာရှင် စနစ်ဆိုးအမြန်ဆုံး ပျက်သုန်းနိုင်ပါစေ လို့ ဆန္ဒပြုလိုက်ရပါတယ်ရှင် )

စုပြည့်စန္ဒာ ( Supyae Sandar )


ကိုယ်တိုင်က အလုပ် ကိစ္စတွေ ကျောင်းကိစ္စတွေနဲ့ ရှုပ်နေတော့ ဘာစာမှမရေးနိုင်ဘူးဖြစ်နေတယ် ။
ကိုတူး နဲ့ မောင်နေလင်းကလဲ ပြည်တော်ပြန်နေတော့ သူတို့ အတွက်လဲစိတ်ပူနေရပြန်တယ် ။
ခုလဲ facebook မှာ စာတွေဖတ်ရင်းကနေ လူချင်းမသိပေမယ့် စာတွေဖတ်ရင်း ရင်းနှီးရတဲ့ စုပြည့်စန္ဒာ ရဲ့ ဆောင်းပါးလေးကို ပြန်လည် ဝေမျှ လိုက်ပါတယ် ။
အားလုံးလဲကြိုက်နှစ်သက်မယ်လို့  မျှော်လင့်ပါတယ် ။

သက်အောင်(ကလောင်တိုက်ပွဲ)

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ဆရာကိုအာခံ အာခေါင်ကို လှံဆူးလိမ့်မယ် ဆိုတဲ့ စကားပုံက ကျနော်တို့ မြန်မာလူမျိုးတိုင်းရဲ့နားထဲကို ရိုက်သွင်းထားသလို သလိုပါပဲ။ တကယ်တော့ ယုတ္တိဗေဒပညာရှင်ကြီး အာရစ္စတိုတယ် လိုမျိုး အမှန်တရား ချစ်မြတ်နိုးဖို့ လိုပါတယ်။ ဒါဟာအာခံတာမဟုတ်ပါဖူး အမှန်တရားဘတ်က ရပ်တည်တာပါ။ ဆရာတွေဘတ်ကလည်း ဒါကိုလက်ခံနိုင်မယ်။ ဒါဆို ဆရာတပည့် ရှေ့သွားနောက်လိုက်ညီပြီး အမှန်တရားအပြည့်နဲ့ အောင်မြင်မှုတွေ ရယူနိုင်မှာ အသေအချာပဲ။ ဒီ Post လေးဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete