Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Wednesday, January 19, 2011

ပြည်သူ့စစ်မှုထမ်း ဥပဒေ လွှတ်တော်လုပ်ပိုင်ခွင့်ကို ထိပါး

ပြည်သူ့စစ်မှုထမ်း ဥပဒေ လွှတ်တော်လုပ်ပိုင်ခွင့်ကို ထိပါး

မကြာခင် စတင် ခေါ်ယူတော့မယ့် လွှတ်တော်အသစ် မတိုင်ခင်လေးမှာ မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေကို စစ်အစိုးရက ထုတ်ပြန်လိုက်တာဟာ ဥပဒေပြု အာဏာကို ထိပါးရာ ရောက်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။ မကြာခင် လပိုင်းအတွင်း စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ NLD က ဒီကနေ့ သဘောထား ကြေညာချက် ၂ စောင် ထုတ်ပြန်ခဲ့တဲ့အထဲမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင် က တင်ပြ ပေးထားပါတယ်။

ရွေးကောက်ပွဲပြီး နောက်ပိုင်း စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ဥပဒေ၊ နည်းဥပဒေတွေဟာ မကြာခင် ပေါ်ပေါက်လာတော့မယ့် လွှတ်တော်အသစ်ရဲ့ ဥပဒေပြု အာဏာကို ထိပါးရာ ရောက်စေတဲ့အတွက် NLD ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့က သဘောထား ကြေညာချက် ၂ စောင် ထုတ်ပြန် ကြေညာလိုက်တာလို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“NLD ရဲ့ သဘောထားက လွှတ်တော်ဆိုတာ ရွေးကောက်ပွဲတွေတောင် ပြီးသွားပြီ။ အဲတော့ လွှတ်တော်ရှိမယ်။ လွှတ်တော်က ဥပဒေပြုအာဏာ အမြင့်ဆုံး အာဏာပိုင်။ အဲဒီကို မရောက်ခင် ကြိုပြီးတော့ ထုတ်တာမျိုးက ဥပဒေပြု အာဏာကို ထိပါးရာ ရောက်တယ်လို့ ကျနော်တို့ အဲဒီလို သဘောထားပါတယ်။”

အထူးသဖြင့်တော့ အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်အကြား အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေဟာ အများပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ကိစ္စ ဖြစ်တဲ့အတွက် အခုလို ဥပဒေ မထုတ်ပြန်ခင် ပြည်သူလူထုရဲ့ သဘောထားကို အရင်ကောက်ခံပြီး လွှတ်တော်အတွင်း အချေအတင် ဆွေးနွေးပြီးမှ ထုတ်ပြန်သင့်တဲ့ ဥပဒေမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဥစ္စာ ပြည်သူ့လွှတ်တော်က မကြာခင် ပေါ်ပေါက်တော့မှာ။ ပြည်သူ့လွှတ်တော်ကသာ ဥပဒေပြုအာဏာ ရှိတယ်။ ဒီပေါ်ပေါက်ခါနီးမှ အခုလို ထုတ်တာက မသင့်လျော်ဘူး။ ပြီးတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေက ဆိုရင် ပြည်သူအများနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စ၊ ဒီလိုကိစ္စမျိုးဟာ ပြည်သူတွေရဲ့ ဆန္ဒကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ ပြည်သူ့လွှတ်တော်မှာ အချေအတင် ဆွေးနွေးပြီးတော့မှ ထုတ်ပြန်သင့်တယ်လို့ ကျနော်တို့ အဲဒီလို သဘောထား ပေးတာပါ။”

NLD က ဒီကနေ့ ထုတ်ပြန်တဲ့ ပထမ ကြေညာချက်ထဲမှာတော့ စစ်အစိုးရက ၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်း ဥပဒေ၊ နည်းဥပဒေ ၂၆ ချက်ကို ထုတ်ပြန်ခဲ့ပေမဲ့ အဲဒီ ဥပဒေတွေကို အများပြည်သူ သိရှိနိုင်အောင် နေ့စဉ်ထုတ် သတင်းစာတွေကနေ ထုတ်ပြန်ပေးခြင်း မရှိတဲ့အတွက် အများပြည်သူတွေ သိရှိခွင့် မရခဲ့ဘဲ စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချိမှသာ သိရှိခွင့် ရခဲ့တာ၊ နောက် အများပြည်သူ အားလုံးနဲ့ဆိုင်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်ခဲ့ပေမဲ့ အဲဒီ စစ်ဥပဒေတွေကို အများပြည်သူ သိရှိနိုင်အောင် ရောင်းချပေးခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

အခုလို ဥပဒေတွေ ကြိုတင် ထုတ်ပြန်တာဟာ မကြာခင် ပေါ်ပေါက်လာတော့မယ့် လွှတ်တော်အနေနဲ့ ဥပဒေပြုအာဏာ မရှိဘူးဆိုတာ ပေါ်လွင်နေပြီး ဒီဥပဒေတိုင်းကို လွှတ်တော်ကိုယ်စားလှယ်တွေက ရှုထောင့်ပေါင်းစုံက သုံးသပ် ဝေဖန်ပြီးမှသာ ထုတ်ပြန်သင့်တာကြောင့် အခုလို ဥပဒေတွေ ထုတ်ပြန်နေတာဟာ လုံးဝ မသင့်လျော်ဘူးလို့ ဆိုပါတယ်။

NLD က ထုတ်ပြန်တဲ့ ဒုတိယ ကြေညာချက်မှာတော့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်လို့ NLD ရဲ့ သဘောထားကို ထုတ်ဖော် ပြောဆိုထားတာ ဖြစ်ပါတယ်။ မကြာခင် လွှတ်တော်အသစ်တရပ် ပေါ်ပေါက်လာတော့မှာ ဖြစ်တဲ့အတွက် လွှတ်တော်က ဥပဒေပြု အာဏာကို အဓိက ကျင့်သုံးရမယ်ဆိုတဲ့ မူနဲ့ ဆန့်ကျင်နေတယ်လို့ ထောက်ပြ ပြောဆိုထားပါတယ်။

ဒီဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီက အမိန့်ကြော်ငြာစာအဖြစ် ထုတ်ပြန်တဲ့နေ့မှာ စတင် အာဏာတည်ရမယ်လို့ အဲဒီ ဥပဒေရဲ့ ပုဒ်မ ၁(ခ) မှာ ဖော်ပြထားတာကို ကြည့်ခြင်းအားဖြင့် လွှတ်တော်မှာ ဥပဒေပြုရေးအာဏာ အပြည့်အ၀ မရှိဘူး ဆိုတာကို ထောက်ခံနေသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ ဆင့်ခေါ်ခွင့် ကင်းလွတ်သူများ ရှိတယ်လို့ ဖော်ပြထားတဲ့ အချက်ဟာလည်း ဒီဥပဒေ အတည်ဖြစ်လာပြီး နောက်ပိုင်း မသမာတဲ့ နည်းသုံးပြီး ကင်းလွတ်ခွင့် ပေးချင်သူကို ပေးလို့ရအောင် လမ်းဖွင့်ပေးထားသလို ဖြစ်နေတယ် စသဖြင့် ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိထုတ်ပြန်တဲ့ ဥပဒေပြု အာဏာတွေဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေပြီး NLD ဟာလည်း နိုင်ငံရေးပါတီ တခုအဖြစ် တည်ရှိနေတာကြောင့် အခုလို သဘောထား ထုတ်ပြန်တာ ဖြစ်တဲ့အကြောင်း ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“NLD က အခုလက်ရှိ ရှိတဲ့ နိုင်ငံရေးပါတီ တရပ်၊ အဲတော့ ဥပဒေပြု အာဏာတို့၊ အာဏာကြီး ၃ ရပ်တို့ဆိုတာ နိုင်ငံရေးကိစ္စတွေပဲလေ။ အဲတော့ နိုင်ငံရေးကိစ္စ တခုကို သဘောထား ထုတ်ပြန်တဲ့ သဘောပါ။”

မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရက နိုင်ငံတော် ပြန်တမ်းအဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က တရားဝင် ထုတ်ပြန်ခဲ့တာပါ။ အခု ထုတ်ပြန်ထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ စစ်မှုထမ်းဖို့ ပျက်ကွက်သူတွေ အနေနဲ့ အများဆုံး ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ် ချမှတ်ခံရမယ်လို့ ဖော်ပြထားပါတယ်။

ဗီအိုအေ

အစိုးရသစ်လက်ထက် မီဒီယာများကို ပိုတင်းကျပ်နိုင်

အစိုးရသစ်လက်ထက် မီဒီယာများကို ပိုတင်းကျပ်နိုင် 

စစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ချက်အရ မကြာမီ လွှတ်တော်များနှင့် အစိုးရသစ် ပေါ်ပေါက်လာမည် ဖြစ်သော်လည်း မီဒီယာများ သတင်းလွတ်လပ်ခွင့် မရရှိနိုင်ဘဲ ပိုမိုတင်းကျပ် နိုင်ကြောင်း သတင်းဂျာနယ် အသိုင်းအ၀န်းက ပြောဆိုနေကြသည်။

စစ်အစိုးရ ထုတ်ပြန်ထားသော လွှတ်တော်ဆိုင်ရာ ဥပဒေများတွင် သတင်းမီဒီယာများ၏ သတင်းရယူခွင့်ကို ပိတ်ပင် ထားသည့်အပြင် လွှတ်တော် ကိုယ်စားလှယ်များသည် တရားဝင် ထုတ်ပြန်ခြင်း မရှိသော သတင်းအချက် အလက်များ ပြင်ပသို့ ပေါက်ကြားခြင်း၊ ပြောဆိုခြင်း ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရမည်ဟု ပြဋ္ဌာန်းထားသည်။

“လက်ရှိ ဥပဒေတွေ အရတော့ လွှတ်တော် အစည်းအဝေးထဲကို ပုဂ္ဂလိက သတင်းမီဒီယာတွေ တရားဝင် သတင်းယူခွင့်မရှိဘူး။ လွှတ်တော် ဥက္ကဋ္ဌက ခွင့်ပြုမှ ၀င်လို့ရမယ်။ လွှတ်တော် အဆောက် အအုံနားကို ခွင့်ပြုချက်မရဘဲ ကပ်ရင်တောင် ထောင်ကျမယ့်ကိန်း ဖြစ်နေတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းမီဒီယာကြီး တခု၏ အမှုဆောင် အယ်ဒီတာ တဦးက ပြောသည်။

လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၂ တွင် လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော လွှတ်တော် ကိုယ်စားလှယ်များမှအပ တခြားမည်သူမျှ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရရှိဘဲ ၀င်ရောက်ခွင့် မရှိကြောင်း၊ လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် ခန်းမအတွင်းသို့ လိမ်လည် ပြောဆိုဝင်ရောက်ခြင်း သို့မဟုတ် တပါးသူ အယောင် ဆောင် ၀င်ရောက်ခြင်း၊ လွှတ်တော်အစည်းအဝေး ကျင်းပချိန်ဖြစ်စေ၊ အစည်းအဝေး ကျင်းပချိန် အပ၌ဖြစ်စေ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရှိဘဲ လွှတ်တော် ပရ၀ဏ်အတွင်း နေထိုင်ခြင်းများပြုလုပ်လျှင် အနည်းဆုံး ထောင်ဒဏ် တနှစ်၊ ငွေဒဏ် ကျပ်တသိန်း သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်ကြောင်း တရားဝင် ဖော်ပြထားသည်။

ထို့အပြင် လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၃ (စ) တွင် မည်သူမဆို လျှို့ဝှက်စွာ ထိန်းသိမ်း ထားရှိရမည့် လွှတ်တော်ဆိုင်ရာ စာရွက်စာတမ်းများ၊ အကြောင်းအရာများ၊ အချက်အလက်များ၊ ကိန်းဂဏန်းများ၊ ရုပ်ပုံကားချပ်များနှင့် တခြားသော အထောက်အထားများကို ပြင်ပသို့ ပေါက်ကြားစေရန် ပြောဆိုခြင်း၊ ရေးသားခြင်း၊ ပုံနှိပ်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် တနည်းနည်းဖြင့် ဆက်သွယ်ပေးပို့ခြင်း မပြုလုပ်ရန် ပြဋ္ဌာန်းထားပြီး ထိုသို့ပြုလုပ်လျှင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် ကျပ် ၂ သိန်း သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း ပြဌာန်းထားသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးချက်များကို လွှတ်တော်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိဘဲ ပြင်ပသို့ ပြောဆိုပေါက်ကြားပါက မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ဥပဒေအရ အရေးယူနိုင်သည် ဆိုသော အချက်ကိုလည်း ဥပဒေများထဲတွင် မကြာခဏဆိုသလို ဖော်ပြထားကြောင်း တွေ့ရှိရသည်။

“လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ မီဒီယာတွေမှာ နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ စီးပွားရေးဆိုင်ရာ ဥပဒေတွေ၊ ကိစ္စတွေကို လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် မရှိဘူး” ဟု တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ တဦးက ပြောသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၂၉/ ဂ (၆) တွင် လွှတ်တော်ကိုယ်စားလှယ် တဦးအနေနှင့် နိုင်ငံတော် လျှို့ဝှက်ချက်ကို ဖောက်ဖျက်လျှင် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက် အက်ဥပဒေအရ လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေဖောက်ဖျက်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေအရ လည်းကောင်း အရေးယူခြင်း ပြုလုပ်နိုင်ကြောင်း ရေးသားထားသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး တက်ရောက်ရာတွင် ကင်မရာ၊ အသံဖမ်းစက်၊ မီးခြစ် အပါအ၀င် တားမြစ်ပစ္စည်း ခုနစ်မျိုးကို သယ်ဆောင်ခြင်း မပြုရဟုလည်း လွှတ်တော် အစည်းအဝေး တက်ရောက်ရန် လွှတ်တော်ကိုယ်စားလှယ်များသို့ တရားဝင်ပေးပို့သော ဖိတ်ကြားလွှာတွင် ရေးသား ဖော်ပြထားသည်။

လွှတ်တော်များတွင် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့် အရေးကော်မတီနှင့် အစိုးရအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီဆိုသော လွှတ်တော်ကော်မတီ ၄ ရပ်ကို ဖွဲ့စည်းမည်ဖြစ်ပြီး အဆိုပါ ကော်မတီများတွင် ဆွေးနွေးသော အကြောင်းအရာများကို ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရန် လျှို့ဝှက်ထားရမည်ဟု ဥပဒေများတွင် တရားဝင်ပြဋ္ဌာန်းထားသည်။

အစိုးရသစ် လက်ထက်တွင် သတင်းမီဒီယာများကို လွတ်လပ်ခွင့် မပေးနိုင်သည့်အပြင် ပိုမိုတင်းကျပ်သော ထိန်းချုပ်မှုများ ပြုလုပ်လာနိုင်သည်ဟုလည်း သတင်းသမားများက ပြောဆိုနေကြသည်။

“အခြေအနေက ပိုပြီးတောင် ကျပ်လာမယ်ထင်တယ်။ အထူးသဖြင့် အစိုးရနဲ့ လွှတ်တော်အကြောင်း ရေးဖို့ တော်တော် ခက်မယ်။ အစိုးရကို ဝေဖန်ဖို့မပြောနဲ့ သူတို့ဆီကရတဲ့ သတင်းတောင် စိစစ်ရေးက လွှတ်ပေးပါ့မလား။ အခုအချိန်ထိတော့ စိစစ်ရေးက တင်းကျပ်နေတုန်းပဲ” ဟု အမျိုးသမီး အယ်ဒီတာတဦးက ဆိုသည်။

စာပေစိစစ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေသည် ဒု ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူး တိုးမြှင့်ခြင်း ခံထားရပြီး သူ၏ ညွှန်ကြားရေးမှူးနေရာတွင် ရေတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်မောင်ဆိုသူကို အစားထိုးခန့်ထားလိုက်ပြီ ဖြစ်ကြောင်း မီဒီယာ အသိုင်းအ၀န်းမှ သိရသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်မရသေးဘဲ အပတ်စဉ်ထုတ် ဂျာနယ်နှင့် လစဉ်ထုတ် မဂ္ဂဇင်းများကိုသာ စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် ရေးသား ထုတ်ဝေခွင့် ရရှိသည်။

ဧရာဝတီ 

Sunday, November 7, 2010

မဲပေးပွဲ အခြေအနေ

မဲပေးပွဲ အခြေအနေ

နိုဝင်ဘာ ၇  ရက်နေ့ မနက်မှာ မြန်မာနိုင်ငံ၌ နှစ် ၂၀  အတွင်း ကျင်းပတဲ့ ပထမဦးဆုံးသော ရွေးကောက်ပွဲအတွက်
မဲစပေးကြတယ်လို့ သိရပါတယ်  ..ရန်ကုန်မြို့မှာတော့ မဲပေးမှု့မရှိသလောက်ပါပဲ ..
ရွေးကောက်ပွဲကော်မရှင်က တောင် လိုက်လံ ပြီး မဲ ပေးဖို့ အတွက်ကား နဲ့ အော် ရပါတယ် ..
ကျန်တဲ့ တိုင်း နဲ့ ပြည်နယ်တွေမှာလဲ မဲပေးမှု့ အခြေအနေ မကောင်းဘူး လို့  ကြaားရပါတယ် ..
ပျဉ်းမနားမှာတော့ အမိန့် နဲ့ ဝန်ထမ်းတွေကို အတင်းအဓမ္မ မဲပေးခိုင်းနေပြီး ..
သက်ဆိုင်ရာ ဒေသခံပါတီ တွေကတော့ သူတို့ အပိုင်နယ်တွေမှာ အခြေအနေ ကောင်းပါတယ် ။
ရှမ်းပြည်နယ်မှာလဲ ကျားဖြူပါတီက အနိုင်ရနေပါတယ်  ..ရန်ကုန်နဲ့ နယ်မြို့ကြီးတွေမှာတော့ NDF ပါတီ က အသာရနိုင်ပါတယ် ။ မြစ်ကြီးနားမှာတော့  အံ့ဖွယ် ကြံ့ဖွံ့ ပါတီကို မေးပဲ ကြပါတယ် ။

မဲပေးပွဲအတွက် မသမာမှု့ တွေလဲရှိခဲ့ပါတယ် .. မဲရုံမူးတွေက အနောက်ကနေ လိုက်ကြည့်နေပြီး လွတ်လပ်မှု့လဲမရှိခဲ့ပါဘူးကြိုတင်မဲပေးပြီးလို့ မဲထပ်ပေးခွင့်မရှိဘူးဆိုပြီး မေးပေးခွင့်မရတဲ့အဖြစ်တွေလဲရှိနေပါတယ်။
ဒါပေမယ့် .. နိုင်ငံတဝန်း မဲဆန္ဒနယ် ၅၂ နယ်မှာ ပြိုင်ဘက်မရှိတဲ့အတွက် ကြံ့ဖွံ့ ပါတီ ကိုယ်စားလှယ်အမတ်လောင်းတွေ အနိုင်ရသွားပြီလို့ စစ်အစိုးရက ကြော်ညာခဲ့ပါတယ် ။


လူထု မဲပေးမှု့ နည်းပါးခြင်းဟာ ကျနော်တို့ အတွက် သတင်းကောင်းဖြစ်ပေမယ့် သတင်းဆိုးလဲဖြစ်လာနိုင်ပါတယ် ..
စစ်အစိုးရ ဘာတွေ ကြံစည်လာနိုင်တယ် ဆိုတာ ပြောမရသေးပါဘူး ..
ဒီနေ့ Maryland , Baltimore မှာရှိတဲ့ ဘုန်းကြီးကျောင်း ကထိန်ပွဲ BABA က ကြီးမှူးကျင်းပတဲ့ သက်ကြီးပူဇော်ပွဲ သွားတုန်းက နိုင်ငံရေးလှုပ်ရှားသူတွေကို တွေ့ခဲ့ရပါတယ် ..
သူတို့ ဆီက ကြားတဲ့ သတင်းတွေကတော့ အားရစရာမရှိပါဘူး ..
စစ်အစိုးရဟာ NLD ပါတီ ဒီမိုကရက်တစ်ပါတီ အင်အားစု တစ်ခုလုံးကို ထောင်ထဲသွင်းရန် ကြံစည် နေတယ်လို့ သတင်းတွေထွက်နေပါတယ်...
နိုင်ငံရေးအမှု့ မဟုတ်ပဲ ဘာတွေညဏ်များဦးမယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ် ။ 

ဆက်ပြီးတော့ ရွေးကောက်ပွဲ သတင်းလေးတွေ သိရင်လဲ ဝေမျှကြပါဦး ..

သက်အောင်(ကလောင်တိုက်ပွဲ)