Wednesday, January 19, 2011

ပြည်သူတွေ မျက်စိကန်း နားကန်းဖြစ်နေရမယ့် နအဖရဲ့  လွှတ်တော်အစည်းအဝေး

ပြည်သူတွေ မျက်စိကန်း နားကန်းဖြစ်နေရမယ့် နအဖရဲ့  လွှတ်တော်အစည်းအဝေး

 

နအဖက နေပြည်တော်မှာ ဒီလကုန် (၃၁) ရက်နေ့  ကြရင် လွှတ်တော်အစည်းအဝေးလုပ်မယ်လို့  ကြေညာပြီးနောက်၊ လွှတ်တော်ကိုယ်စားလှယ်တွေထံ လွှတ်တော်အစည်းအဝေး တက်ရောက်ကြဖို့  ဆင့်ခေါ်စာအပြင် ကန့် သတ်ချက်ချက်တွေပါတဲ့ ညွှန်ကြားချက်တွေလည်း ထုတ်ပြန်ပေးပို့ ပါတယ်။

လွှတ်တော်အစည်းအဝေး တက်ရောက်တဲ့အခါမှာ ကွန်ပြူတာ၊ လက်ကိုင်ဖုန်းနဲ့ အသံဖမ်းစက်၊ ကင်မရာ အပါအ၀င် လွယ်အိတ်တွေကအစ သယ်ဆောင်ခွင့် မပြုတဲ့အကြောင်း သူတို့ထံ ပေးပို့တဲ့ ညွှန်ကြားစာထဲမှာ ဖော်ပြထားတယ်လို့ စာလက်ခံရရှိကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

နအဖက သတင်းပေါက်ကြားမှာ၊ အဖြစ်မှန်တွေ ပေါ်ပေါက်မှာ ကြောက်လွန်းလို့  ဒီလို ကန့် သတ်ချူပ်ချယ်မှုပေါင်း မြောက်မြားစွာ ထုတ်ပြန်ပြီး စာနယ်ဇင်းတွေ၊ ရေဒီယိုတွေ၊ ရုပ်မြင်သံကြားတွေမှာ ဆင်ဆာဖြတ် ကန့် သတ်ပိတ်ပင်တာတို့  လုပ်နေကြ ဖြစ်ပါတယ်။

အခု သန်းရွှေတို့  နဖအလက်ထက် မတိုင်ခင်ကတည်းက အာဏာရှင်ဆန်ဆန်ကျင့်သုံးကြတဲ့ မဆလ န၀တ လွှတ်တော် အစည်းအဝေးတွေ အစိုးရဌာနဆိုင်ရာ အစည်းအဝေးတွေအကြောင်းဟာ သူတို့ ရဲ့  ၀ါဒဖြန့် သတင်းစာထဲမှာ စိတ်တိုင်းကျ ပြင်ဆင်ရေးသားထားတဲ့ သတင်းတွေနဲ့  ဓါတ်ပုံတွေလောက်ဘဲ မြင်တွေ့ ကြရတာပါ။

အောက်ဖေါ်ပြပါ ပုံကတော့ တစ်ပါတီအာဏာရှင်စနစ်ကို ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ နှစ်ပေါင်း (၂၆) နှစ်ကြာ ကျင့်သုံးအုပ်ချူပ်ခဲ့တဲ့ နေ၀င်း ဦးဆောင်တဲ့ မဆလအစိုးရလက်ထက်မှာ လွှတ်တော်အစည်းအဝေးကျင်းပနေတုန်းက မှတ်တမ်းဓါတ်ပုံဖြစ်ပါတယ်။ အာဏာရူး သန်းရွှေရဲ့  လက်ဦးဆရာကြီး အာဏာရူးကြီး နေ၀င်းလက်ထက်မှာလည်း ၀ါဒဖြန့် ချီရေး သတင်းစာတွေမှာ သတင်းအကန့် အသတ်အပြင်အဆင်တွေနဲ့  စီမံထားပြီးမှ ဖေါ်ပြခဲ့တဲ့ လွှတ်တော်အစည်းအဝေး ကျင်းပနေတဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။


လွတ်တော်အစည်းအဝေးအတွင်းမှာ ဘယ် လွှတ်တော်ကိုယ်စားလှယ်တွေက ဘာပြောဆိုဆွေးနွေးကြသလည်း၊ ဘယ် ၀န်ကြီးတွေက ဘာတွေ တင်ပြပြောဆိုကြသလည်း၊ သမတတို့  ၀န်ကြီးချူပ်တို့ က ဘာတွေ ဆောင်ရွက်စီမံထားကြတာရှိသလည်း အစရှိတဲ့ ပြည်သူတွေ သိသင့်သိထိုက်တဲာတွေကို လုံးဝအလျဉ်း သိခွင့်မရကြသလို၊ ပြည်သူတွေက သူတို့  သက်ဆိုင်ရာနယ်မြေဒေသမှာ လိုအပ်ချက်တွေကို ပြည်သူ့ ကိုယ်စား ရွေးချယ်ပေးတာဝန်ပေးအပ်လိုက်တဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်အစည်းအဝေးတွေမှာ ပြည်သူ့ ကိုယ်စား တင်ပြပြောဆိုပေးမှု ရှိမရှိဆိုတာ သိမြင်ကြားတွေ့ ခွင့် မရှိတဲ့အတွက် အစိုးရရဲ့ လုပ်ရပ်မမှန်ကန်မှုတွေ လွှတ်တော်ကိုယ်စားတစ်ဦးခြင်းစီရဲ့  လုပ်ရပ်မမှန်ကန်မှုတွေကို ပြည်သူအများက သိရှိနိုင်မှာ မဟုတ်ပါဖူး။

ဒီလိုမျိုး အစိုးရအဖွဲ့ ဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီတွေရဲ့  ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှုတွေက ပြည်သူတွေ မသိအောင် လုပ်ချင်ရာလုပ်၊ ကိုယ်ကျိုးအလွဲသုံးစားမှုတွေ လုပ်၊ လာဘ်ပေးလာဘ်ယူမှုတွေ လုပ်၊ အာဏာရာထူးကို အသုံးချပြီး အခွင့်အရေးတွေ ယူချင်သလိုယူခဲ့ကြလို့  မြန်မာနိုင်ငံကြီးဟာ မဆလလက်ထက်ကစပြီး ယခု နအဖလက်ထက်ထိ နှစ်ပေါင်း (၄၀) ၀န်းကျင် မွဲတေဆင်းရဲခဲ့ကြရတာပါ။

ဒီလိုမျိုး အစိုးရအဖွဲ့ ဝင်တွေ သမတ ၀န်ကြီးချူပ်ကအစ နောက်ဆုံး သာမန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအထိ မမှန်ကန်တဲ့ လုပ်ဆောင်မှုတွေ မဖြစ်ရအောင် သူတို့ ဘာတွေပြောဆိုဆွေးနွေးလည်း ဘာတွေလုပ်ကိုင်ဆောင်ရွက်နေ ကြသလည်းဆိုတာတွေကို အစဉ်မပြတ် သိရှိနေရအောင် တိုင်းသူပြည်သားတွေကို အသိပေးကြရပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့၊ ကျောသားရင်သား မခွဲခြားဘဲ မျှတမှန်ကန်တဲ့ တရားဥပဒေစိုးမိုတဲ့၊ ပြည်သူက မိမိတို့ ဆန္ဒအပြည့်အ၀နဲ့  ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်တင်မြှောက်ပေးခဲ့တဲ့ ပြည်သူ့ ကိုယ်စားလှယ်စစ်စစ်တွေ စီမံအုပ်ချူပ်တဲ့ နိုင်ငံတွေမှာဆိုရင် သတင်းမှောင်ချဖို့ နေနေသာ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေ ပြောတယ် ဆွေးနွေးကြတယ် ဘာတွေ လုပ်ကိုင်ဆောင်ရွက်ကြတယ်ဆိုတာ ပြည်သူကို အပြည့်အစုံတင်ပြ အသိပေးကြရပါတယ်။

လွှတ်တော်အစည်းအဝေး ကျင်းပမှုတွေကို တစ်နိုင်ငံလုံးက ပြည်သူပြည်သားတွေ အချိန်မရွေး သိရှိနိုင်ကြရအောင် စီစဉ်ဆောင်ရွက်ထားပေးရပါတယ်။ လွှတ်တော်အစည်းအဝေးကျင်းပနေချိန်မှာပင်လျှင် ကျင်းပနေချိန်နဲ့  တပြိုင်နက် နားထောင်ကြည့်ရှူနိုင်ဖို့ ကိုလည်း စီစဉ်ပေးကြပါတယ်။ Parliament Sitting လို့  ခေါ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြတဲ့ လွှတ်တော်အစည်းအဝေး နေ့ ရက်အချိန်ကာလတွေမှာ ပြည်သူတွေအနေနဲ့  လွှတ်တော်အစည်းအဝေးခန်းမအတွင်းမှာ ၀န်ကြီးချူပ် ၀န်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်အမတ်တွေ ပြောဆိုဆွေးနွေးနေကြတာကို ပြည်သူတွေအတွက် သီးသန့် သတ်မှတ်ပေးထားတဲ့ နေရာတွေကနေ နားထောင်ကြည့်ရှူနိုင်ကြပါတယ်။

လွှတ်တော်အစည်းအဝေးခန်းမအတွင်းမှာ ၀န်ကြီးချူပ် ၀န်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်အမတ်တွေ ပြောဆိုဆွေးနွေးနေကြတာကို လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်မှာဘဲ ရေဒီယိုတွေ ရုပ်မြင်သံကြားတွေကနေ တိုက်ရိုက် အသံလွှင့်ပြသကြပါတယ်။

လွှတ်တော်အစည်းအဝေးခန်းမအတွင်းမှာ ၀န်ကြီးချူပ် ၀န်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်အမတ်တွေ ပြောဆိုဆွေးနွေးချက်တွေကို ဤသည်မရွေး တိုက်ရိုက် အသံလွှင့်တာကို နားမထောင်ဖြစ် မကြည့်ဖြစ်တဲ့ ပြည်သူတွေအတွက်လည်း လွှတ်တော်အစည်းအဝေးအတွင်း တစ်ဦးချင်း ပြောကြားမှုတိုင်းကို အဖြတ်အတောက် အပြင်အဆင်မရှိဘဲ မူလပြောဆိုချက်တွေအတိုင်း မှတ်တမ်းအဖြစ် ထားရှိပြီး ဗွီဒီယိုမှတ်တမ်းတွေ အသံမှတ်တမ်းတွေ စာရွက်စာတမ်း မှတ်တမ်းမှတ်ရာတွေအဖြစ် ထားရှိထားပြီး အစိုးရအင်တာနက်စာမျက်နှာတွေ စာကြည်တိုက်တွေ ဌာနဆိုင်ရာတွေမှာ ဖတ်ရှူလို့  ရအောင် စီစဉ်ပေးကြပါတယ်။

လွှတ်တော်အစည်းအဝေး ကျင်းပနေတဲ့ ခန်းမအတွင်း ၀င်ရောက်ပြီး အများပြည်သူအတွက် သတ်မှတ်ပေးထားတဲ့ နေရာထိုင်ခင်းကနေ တိုက်ရိုက် ကြည့်ရှူနားထောင်နိုင်ပါတယ်။ ထို့ အပြင် ဓါတ်ပုံကင်မရာတွေ ဗွီဒီယိုကင်မရာတွေ ပေးယူပြီး ဓါတ်ပုံရိုက်ခွင့်ပေးပါတယ်။ ဒီလို လွှတ်တော်အစည်းအဝေးခန်းမအတွင်းကို နိုင်ငံသားမပြောနဲ့  အလည်အပတ်ရောက်ရှိနေကြတဲ့ နိုင်ငံခြားသားတွေကိုလည်း ၀င်ရောက်လေ့လာခွင့် နားထောင်ကြည့်ရှူခွင့်ပြုကြပါတယ်။

ပြည်သူတွေအနေနဲ့  လွှတ်တော်အစည်းအဝေးခန်းမအတွင်းမှာ ၀န်ကြီးချူပ် ၀န်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်အမတ်တွေ ပြောဆိုဆွေးနွေးချက်တွေကို တိုက်ရိုက် နားထောင်ကြည့်ရှူခွင့်ရကြတဲ့ အထင်ကရ နိုင်ငံတွေထဲက ကောက်နှုတ်ပြရရင် အင်္ဂလန်နိုင်ငံ၊ စကော့တလန်နိုင်ငံ၊ သြစတြေလျနိုင်ငံနဲ့  နယူးဇီလန်နိုင်ငံတို့ ကို ဖေါ်ပြလိုပါတယ်။

သြစတြေလျနိုင်ငံမှာဆို၇င် အထက်လွှတ်တော် အောက်လွှတ်တော် အစည်းအဝေးခန်းမတွေထဲကို ပြည်သူတွေအနေနဲ့  တိုက်ရိုက်ဝင်ရောက် နားထောင်ခွင့်ရအောင်အတွက် သတ်မှတ်ထားတဲ့ နေရာမှာ ထိုင်ခုံပေါင်း (၃၈၈) ခုံ ထားရှိပေးထားပါတယ်။ ရေဒီယို ရုပ်မြင်သံကြားတွေကလည်း ထုတ်လွှင့်ပြသနေတဲ့တွက် တိုင်းသူပြည်သားများဟာ နေရာအနှံ့ ကနေ နားထောင်မြင်တွေ့ ကြပါတယ်။

အောက်ဖေါ်ပြပါ ပုံတွေမှာ သြစတြေလျနိုင်ငံရဲ့  အထက်လွှတ်တော်အစည်းအဝေး အောက်လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေစဉ် အစည်းအဝေးခန်းမကြီးရဲ့  အပေါ်နေရာတွေကနေ ပြည်သူပြည်သား မည်သူမဆို (သြစတြေလျနိုင်ငံကို အလည်ရောက်နေကြတဲ့ နိုင်ငံခြားသားတွေကိုပါ) တိုက်ရိုက်အသံနားထောင် ကြည့်ရှူနိုင်ပါတယ်။





ထို့ အတူ အင်္ဂလန်နိုင်ငံ၊ စကော့တလန်နိုင်ငံနဲ့  နယူးဇီလန်နိုင်ငံတွေမှာလည်း လွှတ်တော်အစည်းအဝေါ်ကျင်းပပြောဆိုနေမှုတွေကို တိုက်ရိုက်နားထောင်ကြည့်ရှူနိုင်တဲ့ စီမံမှုတွေ ဆောင်ရွက်ထားပေးပါတယ်။



နအဖက သူတို့  လုပ်နေကြအတိုင်း လွှတ်တော်အစည်းအဝေကြီး အောင်မြင်စွာ ကျင်းပပြီးစီးသွားပါကြောင်းနဲ့  ဆုံးဖြတ်ချက်တွေ သတ်မှတ်ချက်တွေ ထုတ်ပြန်ကြေညာချက်တွေနဲ့  နအဖပိုင် သတင်းမီဒီယာတွေကနေ အဖြတ်အတောက် အပယ်အဖျက် အပြင်အဆင်တွေနဲ့  သတင်းထုတ်ပြန်ရုံမှအပ တစ်ခြားဘာမှ မရှိကြောင်းပါ။

တိုင်းသူပြည်သားတွေကို သတင်းအမှောင်ချနေတဲ့ နအဖသန်းရွှေတို့ ကတော့ နေပြည်တော်မှာ ဒီလကုန် (၃၁) ရက်နေ့  ကြရင် သူတို့ ရဲ့  လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုတောင် ကွန်ပြူတာ၊ လက်ကိုင်ဖုန်းနဲ့ အသံဖမ်းစက်၊ ကင်မရာ အပါအ၀င် လွယ်အိတ်တွေကအစ သယ်ဆောင်ခွင့် မပြုဖူးဆိုတော့ သာမန် တိုင်းသူပြည်သားတွေအနေနဲ့ ကတော့ ပိုပြီး မျက်စိကန်း နားကန်းဘ၀နဲ့  တိုင်းပြည်ကို စီမံအုပ်ချူပ်ကြမယ့် နအဖဘ၀ကူးပြောင်းပြီး ပေါ်လာမယ့် အဆိုးရလက်အောက်မှာ ဆိုးရွားလွန်းမယ့် အခြေအနေတွေကို ဆက်ပြီး ရင်ဆိုင်နေကြဦးမှာ တွေးမိတိုင်း ရင်လေးမိပါတယ်။

ကိုနစ်နေမန်း ဘလော့ဂ်မှ ပြန်လည်မျှဝေပေးခြင်းဖြစ်သည်။

No comments:

Post a Comment