Wednesday, January 19, 2011

အစိုးရသစ်လက်ထက် မီဒီယာများကို ပိုတင်းကျပ်နိုင်

အစိုးရသစ်လက်ထက် မီဒီယာများကို ပိုတင်းကျပ်နိုင် 

စစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ချက်အရ မကြာမီ လွှတ်တော်များနှင့် အစိုးရသစ် ပေါ်ပေါက်လာမည် ဖြစ်သော်လည်း မီဒီယာများ သတင်းလွတ်လပ်ခွင့် မရရှိနိုင်ဘဲ ပိုမိုတင်းကျပ် နိုင်ကြောင်း သတင်းဂျာနယ် အသိုင်းအ၀န်းက ပြောဆိုနေကြသည်။

စစ်အစိုးရ ထုတ်ပြန်ထားသော လွှတ်တော်ဆိုင်ရာ ဥပဒေများတွင် သတင်းမီဒီယာများ၏ သတင်းရယူခွင့်ကို ပိတ်ပင် ထားသည့်အပြင် လွှတ်တော် ကိုယ်စားလှယ်များသည် တရားဝင် ထုတ်ပြန်ခြင်း မရှိသော သတင်းအချက် အလက်များ ပြင်ပသို့ ပေါက်ကြားခြင်း၊ ပြောဆိုခြင်း ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရမည်ဟု ပြဋ္ဌာန်းထားသည်။

“လက်ရှိ ဥပဒေတွေ အရတော့ လွှတ်တော် အစည်းအဝေးထဲကို ပုဂ္ဂလိက သတင်းမီဒီယာတွေ တရားဝင် သတင်းယူခွင့်မရှိဘူး။ လွှတ်တော် ဥက္ကဋ္ဌက ခွင့်ပြုမှ ၀င်လို့ရမယ်။ လွှတ်တော် အဆောက် အအုံနားကို ခွင့်ပြုချက်မရဘဲ ကပ်ရင်တောင် ထောင်ကျမယ့်ကိန်း ဖြစ်နေတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းမီဒီယာကြီး တခု၏ အမှုဆောင် အယ်ဒီတာ တဦးက ပြောသည်။

လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၂ တွင် လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော လွှတ်တော် ကိုယ်စားလှယ်များမှအပ တခြားမည်သူမျှ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရရှိဘဲ ၀င်ရောက်ခွင့် မရှိကြောင်း၊ လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် ခန်းမအတွင်းသို့ လိမ်လည် ပြောဆိုဝင်ရောက်ခြင်း သို့မဟုတ် တပါးသူ အယောင် ဆောင် ၀င်ရောက်ခြင်း၊ လွှတ်တော်အစည်းအဝေး ကျင်းပချိန်ဖြစ်စေ၊ အစည်းအဝေး ကျင်းပချိန် အပ၌ဖြစ်စေ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရှိဘဲ လွှတ်တော် ပရ၀ဏ်အတွင်း နေထိုင်ခြင်းများပြုလုပ်လျှင် အနည်းဆုံး ထောင်ဒဏ် တနှစ်၊ ငွေဒဏ် ကျပ်တသိန်း သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်ကြောင်း တရားဝင် ဖော်ပြထားသည်။

ထို့အပြင် လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၃ (စ) တွင် မည်သူမဆို လျှို့ဝှက်စွာ ထိန်းသိမ်း ထားရှိရမည့် လွှတ်တော်ဆိုင်ရာ စာရွက်စာတမ်းများ၊ အကြောင်းအရာများ၊ အချက်အလက်များ၊ ကိန်းဂဏန်းများ၊ ရုပ်ပုံကားချပ်များနှင့် တခြားသော အထောက်အထားများကို ပြင်ပသို့ ပေါက်ကြားစေရန် ပြောဆိုခြင်း၊ ရေးသားခြင်း၊ ပုံနှိပ်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် တနည်းနည်းဖြင့် ဆက်သွယ်ပေးပို့ခြင်း မပြုလုပ်ရန် ပြဋ္ဌာန်းထားပြီး ထိုသို့ပြုလုပ်လျှင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် ကျပ် ၂ သိန်း သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း ပြဌာန်းထားသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးချက်များကို လွှတ်တော်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိဘဲ ပြင်ပသို့ ပြောဆိုပေါက်ကြားပါက မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ဥပဒေအရ အရေးယူနိုင်သည် ဆိုသော အချက်ကိုလည်း ဥပဒေများထဲတွင် မကြာခဏဆိုသလို ဖော်ပြထားကြောင်း တွေ့ရှိရသည်။

“လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ မီဒီယာတွေမှာ နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ စီးပွားရေးဆိုင်ရာ ဥပဒေတွေ၊ ကိစ္စတွေကို လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် မရှိဘူး” ဟု တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ တဦးက ပြောသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၂၉/ ဂ (၆) တွင် လွှတ်တော်ကိုယ်စားလှယ် တဦးအနေနှင့် နိုင်ငံတော် လျှို့ဝှက်ချက်ကို ဖောက်ဖျက်လျှင် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက် အက်ဥပဒေအရ လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေဖောက်ဖျက်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေအရ လည်းကောင်း အရေးယူခြင်း ပြုလုပ်နိုင်ကြောင်း ရေးသားထားသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး တက်ရောက်ရာတွင် ကင်မရာ၊ အသံဖမ်းစက်၊ မီးခြစ် အပါအ၀င် တားမြစ်ပစ္စည်း ခုနစ်မျိုးကို သယ်ဆောင်ခြင်း မပြုရဟုလည်း လွှတ်တော် အစည်းအဝေး တက်ရောက်ရန် လွှတ်တော်ကိုယ်စားလှယ်များသို့ တရားဝင်ပေးပို့သော ဖိတ်ကြားလွှာတွင် ရေးသား ဖော်ပြထားသည်။

လွှတ်တော်များတွင် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့် အရေးကော်မတီနှင့် အစိုးရအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီဆိုသော လွှတ်တော်ကော်မတီ ၄ ရပ်ကို ဖွဲ့စည်းမည်ဖြစ်ပြီး အဆိုပါ ကော်မတီများတွင် ဆွေးနွေးသော အကြောင်းအရာများကို ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရန် လျှို့ဝှက်ထားရမည်ဟု ဥပဒေများတွင် တရားဝင်ပြဋ္ဌာန်းထားသည်။

အစိုးရသစ် လက်ထက်တွင် သတင်းမီဒီယာများကို လွတ်လပ်ခွင့် မပေးနိုင်သည့်အပြင် ပိုမိုတင်းကျပ်သော ထိန်းချုပ်မှုများ ပြုလုပ်လာနိုင်သည်ဟုလည်း သတင်းသမားများက ပြောဆိုနေကြသည်။

“အခြေအနေက ပိုပြီးတောင် ကျပ်လာမယ်ထင်တယ်။ အထူးသဖြင့် အစိုးရနဲ့ လွှတ်တော်အကြောင်း ရေးဖို့ တော်တော် ခက်မယ်။ အစိုးရကို ဝေဖန်ဖို့မပြောနဲ့ သူတို့ဆီကရတဲ့ သတင်းတောင် စိစစ်ရေးက လွှတ်ပေးပါ့မလား။ အခုအချိန်ထိတော့ စိစစ်ရေးက တင်းကျပ်နေတုန်းပဲ” ဟု အမျိုးသမီး အယ်ဒီတာတဦးက ဆိုသည်။

စာပေစိစစ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေသည် ဒု ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူး တိုးမြှင့်ခြင်း ခံထားရပြီး သူ၏ ညွှန်ကြားရေးမှူးနေရာတွင် ရေတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်မောင်ဆိုသူကို အစားထိုးခန့်ထားလိုက်ပြီ ဖြစ်ကြောင်း မီဒီယာ အသိုင်းအ၀န်းမှ သိရသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်မရသေးဘဲ အပတ်စဉ်ထုတ် ဂျာနယ်နှင့် လစဉ်ထုတ် မဂ္ဂဇင်းများကိုသာ စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် ရေးသား ထုတ်ဝေခွင့် ရရှိသည်။

ဧရာဝတီ 

No comments:

Post a Comment